Monday, August 26, 2013

ကိုးနိုင်ငံ စီးပွားရေး သံမှူးများနှင့် ချိတ်ဆက်၍ လယ်ယာထွက်ကုန် သီးနှံများ ရောင်းချနိုင်ဟုဆို

မန္တလေးမြို့တော်ရှိ လယ်ယာထွက်ကုန် သီးနှံများ ပြည်ပသို့ တိုက်ရိုက် တင်ပို့ ရောင်းချနိုင်ရေးအတွက် နိုင်ငံပေါင်း ကိုးနိုင်ငံတွင် ခန့်အပ်ထားသော စီးပွားရေး သံမှူးများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့် က ပြောကြား သည်။

မန္တလေး ကုန်စည်ဒိုင်နှင့် ဆန်စပါး ကုန်စည်ဒိုင်တွင် သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ကုန်သွယ်မှု မြှင့်တင်ရေး ဆောင်ရွက်နေမှု များ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြား သွားကြောင်း အဆိုပါပွဲ တက်ရောက်သူများထံမှ သိရသည်။

ဟောင်ကောင်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူ၊ ဘယ်လ်ဂျီယံ နိုင်ငံများတွင် စီးပွားရေး သံမှူးများ ခန့်အပ်ပြီး ဖြစ်ရာ ၎င်းတို့မှ တစ်ဆင့် စီးပွားရေး သတင်း အချက်အလက်များ ရယူနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့် က ပြောကြား သည်။

“သံမှူးတွေရဲ့ အီးမေးလ် လိပ်စာတွေ ပေးသွားတယ်။ သူတို့နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့၊ သတင်း အချက်အလက်တွေ ရယူနိုင်ဖို့ ပြောတယ်” ဟု မန္တလေး ဆန်စပါး ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ဆိုသည်။

စီးပွားရေး ဈေးကွက်နှင့် ကုန်သွယ်မှု အခွင့်အလမ်းများ ပေါ်ပေါက် လာစေရေးအတွက် ကုန်သွယ်ဘဏ် နိုင်ငံများအကြား မြေပြင် သတင်း အချက်အလက်များ ရရှိနိုင်စေရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အဲဒီနိုင်ငံမှာ ဈေးကွက် ဘာလိုအပ်ချက် ရှိလဲ၊ ကိုယ့်နိုင်ငံကနေ ဘာတွေ တင်ပို့ ရောင်းချနိုင်မလဲ၊ နှစ်နိုင်ငံ ကုန်စည်ပြပွဲတွေ၊ စီးပွားရေး ဆွေးနွေးပွဲတွေ ပိုလုပ်လာနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တော်ရှိ ကုန်သည်များအနေနှင့် နိုင်ငံခြား ကုန်သည်များနှင့် တိုက်ရိုက် ဆက်သွယ် ရောင်းချသည့် အနေအထား မရှိသဖြင့် မိရိုးဖလာ ကုန်သွယ်မှု အဆင့်တွင်သာ ရှိနေကြောင်း မန္တလေးမြို့တော် အခြေစိုက် ပဲကုန်သည်များက သုံးသပ် ပြောကြားသည်။

“ပြည်ပနဲ့ တိုက်ရိုက် ရောင်းနိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး၊ ဒီလိုပဲ ပြည်တွင်းဈေးကွက်မှာပဲ ရောင်းလိုက် ဝယ်လိုက်ပဲ ရှိနေမှာပါ” ဟု မန္တလေး ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦးက ဆိုသည်။

0 comments:

Post a Comment