Saturday, August 24, 2013

မြန်မာတွင် အာဆီယံနိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဘီလီယံကျော်

ရန်ကုန်၊ သြဂုတ် ၂၃

မြန်မာနိုင်ငံတွင် အာဆီယံနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံထားသော
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လအထိ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၄၁၃၀ ဒသမ ၁၃ သန်းရှိပြီး နိုင်ငံပေါင်း ခြောက်နိုင်ငံမှ လုပ်ငန်းပေါင်း ၂၂၃ ခုတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းတွင် အများဆုံး ဖြစ်ကြောင်း ယင်းစာရင်းများအရ သိရသည်။

အာဆီယံနိုင်ငံများအနက် ထိုင်းနိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားကာ စင်ကာပူက ဒေါ်လာ ၂ ဘီလီယံကျော်၊ မလေးရှားက ဒေါ်လာ တစ်ဘီလီယံကျော်၊ ဗီယက်နမ်က ဒေါ်လာ သန်းငါးရာကျော်၊ အင်ဒိုနီးရှားက ဒေါ်လာ သန်းနှစ်ရာ့ငါးဆယ်နီးပါးနှင့် ဘရူနိုင်းနိုင်ငံက ဒေါ်လာ လေးသန်းကျော် ရင်းနှီးမြှုပ်နှံထားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေအားလုံး တိုင်းပြည်အတွက် တကယ်အသုံးဝင်ဖို့တော့ လိုတယ်။ အာဆီယံနိုင်ငံတွေက AEC တို့၊ AFTA တို့စာရင် ဒီထက်ပိုဝင် လာပါလိမ့်မယ်” ဟု သမဝါယမဝန်ကြီး ဌာနမှ အငြိမ်းစားအရာရှိ ဦးရန်နောင်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယခုနှစ် ဇူလိုင်လအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံကျော် ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဥရောပနိုင်ငံများမှ အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားပြီး ဟောင်ကောင် က ဒေါ်လာခြောက်ဘီလီယံ ကျော်၊ ကိုရီးယားက ဒေါ်လာသုံးဘီလီယံ ကျော်၊ ဂျပန်က ဒေါ်လာသန်းသုံးရာနီးပါး ရင်းနှီးမြှုပ်နှံထားသည်။

0 comments:

Post a Comment