Saturday, August 24, 2013

မန္တလေးနန်းရှေ့အိမ်၊ ခြံ၊ မြေဈေး အဆမတန်မြင့်တက်

ရန်ကုန်၊ သြဂုတ် ၂၃

အာရှသုံးနိုင်ငံ၏ စီးပွားရေးဗဟို ချက်ဖြစ်လာမည့် မန္တလေးမြို့တော် နန်းရှေ့ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပေါက်ခဲ့သည့် အိမ်၊ ခြံ၊ မြေ၊ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်သွားကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးနန်းရှေ့ အိမ်၊ ခြံ၊ မြေဈေး မြင့်တက်ရခြင်းမှာ နန်းရှေ့သည် မန္တလေး မြို့သစ်နှင့် နှိုင်းယှဉ်ပါက ဈေးချိုနှင့် ပိုနီးခြင်းကြောင့် နေထိုင်သူများ ဝယ်ယူမှု များလာပြီး ယင်းကဲ့သို့ ဈေးအဆမတန် မြင့်တက်သွားရခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က ပြောကြားသည်။

“မြို့သစ်မှာ တစ်ထောင်၊ ထောင့်ငါးရာ ပေးနေမယ့်အစား မြို့သစ်ထက်စာရင် ဈေးချိုနဲ့နီးတဲ့ နန်းရှေ့မြေကွက်တွေကို နေသူတွေ ကြိုက်တဲ့သဘောပေါ့။ မြို့တွင်းမှာ အမွေဆိုင်ကို ရောင်းပြီးတဲ့သူတွေ အများစုက နန်းရှေ့ကြားကွက် တစ်ထောင်၊ ထောင့်ငါးရာတန်တွေ ဝယ်ကြတယ်” ဟု ဦးနေလင်းအောင်က ဆိုသည်။

လက်ရှိ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျောက်မျက်လုပ်ငန်းရှင် များနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး လုပ်ကိုင်သူများ အရောင်းအဝယ် ကောင်းနေသောကြောင့် နန်းရှေ့ အိမ်၊ ခြံ၊ မြေများ အပါအဝင် မြို့တွင်းနှင့် လယ်ယာမြေများ အရောင်းအဝယ် ကောင်းလျက် ရှိကြောင်း၊ ပြီးခဲ့သည့် အိမ်၊ ခြံ၊ မြေ ဈေးကောင်းခဲ့သည့် ၂၀၁၀ ပြည့်နှစ် အိမ်၊ ခြံ၊ မြေပေါက်ဈေး နှုန်းများကိုမီရန် ၁၀ ရာခိုင်နှုန်းခန့်သာ လိုတော့ကြောင်း မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဦးကျော်ဝင်းက ပြောကြားသည်။

မန္တလေးနန်းရှေ့ အိမ်၊ ခြံ၊ မြေ ပေါက်ဈေးများမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပေ ၃၀ ထ ၆၀ ကြားကွက် တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀၊ ၆၀၀ ခန့်သာ ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်သိန်းတစ်ထောင် ဝန်းကျင်ခန့်ရှိပြီး မဟာမြိုင်ကြားကွက် တစ်ကွက်လျှင် ပြီးခဲ့သည့် သုံးနှစ်ခန့်က ကျပ်သိန်း နှစ်ထောင် ဝန်းကျင်ခန့်မှ လက်ရှိ ကျပ်သိန်း ၂၅၀၀ နှင့် ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ခန့်သို့ ဈေးမြင့်တက်သွားကြောင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment