Friday, August 23, 2013

မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၃၄ လုံး ဖွင့်လှစ်ခွင့်ပြုထားပြီး မန္တလေးတိုင်း ဒေသကြီးတွင် ဟိုတယ် ၂၅၃ လုံး၊ အခန်း ၉၆၆၃ ခန်းဖြင့် အများဆုံး ဖွင့်လှစ်ထား

ရှမ်းပြည်နယ်၏ အဓိက ခရီးသွားဒေသဖြစ်သော အင်းလေးကန်မှ ဟိုတယ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၃၄ လုံးအထိ ဖွင့်လှစ်ခွင့်ပြုထားပြီး ဇူလိုင်လကုန် စာရင်းများအရ မန္တလေးတိုင်း ဒေသကြီးတွင် ဟိုတယ် ၂၅၃ လုံး၊ အခန်း ၉၆၆၃ ခန်းဖြင့် အများဆုံး ဖွင့်လှစ်ထားကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ် ၂၁၃ လုံး၊ အခန်း ၉၂၉၄ ခန်းဖြင့် ဒုတိယအများဆုံး ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
ဖွင့်လှစ်ခွင့် ပြုထားသည့် မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ် ၈၃၄ လုံးတွင် အခန်းပေါင်း ၃၀၄၀၁ ခန်းပါဝင်ပြီး ရန်ကုန်မြို့တွင် အခန်းပေါင်း ၉၂၉၄ ခန်း ပါဝင်သော ဟိုတယ် ၂၁၃ လုံး၊ မန္တလေးမြို့တွင် အခန်းပေါင်း ၃၇၄၉ ခန်းပါဝင်သော ဟိုတယ် ၈၇ လုံး၊ နေပြည်တော်တွင် အခန်းပေါင်း ၂၅၃၇ ခန်းပါဝင်သော ဟိုတယ်အလုံး ၄၀၊ ပုဂံ-ညောင်ဦးမြို့တွင် အခန်းပေါင်း ၂၃၅၁ ခန်း ပါဝင်သော ဟိုတယ် ၇၆ လုံး၊ တောင်ကြီးအင်းလေးတွင် အခန်းပေါင်း ၁၇၄၂ ခန်းပါဝင်သော ဟိုတယ် ၆၂ လုံးတို့ကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။
ထို့အတူ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၁၃၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ ခုနှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၃၄၃ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်းခန့် ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး ခရီးသွားများပြားလာမှုကြောင့် ဟိုတယ်နှင့် ခရီးသွား ကုမ္ပဏီ လုပ်ငန်းလိုင်စင်များကို တိုးမြှင့်ခွင့်ပြုပေးနေကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ နိုင်ငံခြား ခရီးသွားဧည့်သည် ခြောက်သိန်းကျော်နှင့် နယ်စပ်အသီးသီးမှ ၀င်ရောက်သူ လေးသိန်းကျော်ရှိပြီး စုစုပေါင်း တစ်သန်းကျော် လာရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်မှု ဆက်တိုက်မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင်၂၀၁၂ ခုနှစ် ထက်ရာခိုင်နှုန်း ၄၀ ၀န်းကျင် တိုးတက်ဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ခန့်မှန်းထားသည်။
ဟိုတယ်များကို ယဉ်ကျေးမှုနယ်မြေများနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသများတွင် အဓိက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်အခန်း အရေအတွက်၏ ရာခိုင်နှုန်း ၉၀ သည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်အထိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၃၄ ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် နိုင်ငံခြားဟိုတယ် ၄၇ ခုရှိပြီး အမေရိကန်ဒေါ်လာ ၁၅၈၅ ဒသမ ၈၁၁ သန်း ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃ ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။     ဒီနေရာကကူးယူးထားသည်

0 comments:

Post a Comment